ချစ်သူသိစေ

24 Jan

သူ့အတွက် တစ်ချို့စကားလေးတွေ. . .လူကိုယ်တိုင်ပြောမထွက်တဲ့ စကားလေးတွေ ဒီမှာရေးမယ်လို့စိတ်ကူးတယ်။
သူဟာ ကျွန်မသူ့ကို အတ္တကြီးသူလို့ သမုတ်တိုင်းလည်း ကျေကျေနပ်နပ်လက်ခံတက်တဲ့သူ။
သူကတော့ ကျွန်မကို အတ္တမရှိသူရယ်လို့များ ထင်နေမလားပဲ။ ဒါဆိုရင် ကမ္ဘာကြီးပြောင်းပြန်လည်သွားမှာပေါ့။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် မျှော်လင့်ချက်ဆိုတာလေးပါ တွဲပါလာတက်တာ သူသိပါ့မလား။ မျှော်လင့်ချက်တွေ တစ်ခုပြီးတစ်ခု ထပ်လာတဲ့အခါ ၊ ထုထည်ကြီးမားသွားပြီး လောဘအဖြစ်ပြောင်းသွားတယ်။ တစ်ဘက်က ကိုယ်ချစ်ရသူဆီက လိုချင်တာတွေ သိပ်များလာတယ်။ ဒါကို အတ္တလို့ လှလှပပတပ်လိုက်တယ်ဆိုရင် ကျွန်မမှာ သူမမြင်အောင်ဖွက်ထားတဲ့ အတ္တထုထည်ခပ်ကြီးကြီးတစ်ခုရှိတယ်။

ကျွန်မက သူ့အပေါ်သိပ်ကောင်းတာပဲလို့ သူခဏခဏပြောတက်တယ်။
ဘယ်သူ့ကိုမှမပေးဖူးတဲ့ နားလည်မှု ၊ ခွင့်လွှတ်မှု ၊ စာနာထောက်ထားမှု ဒါတွေကို ကျွန်မ ဘာမျှော်လင့်ချက်မှမရှိပဲ ပေးတာဆိုရင် ဘယ်သူယုံနိုင်မလဲ။
ဘယ်သူမှ ယုံနိုင်မယ်မထင်ဘူး။ ကျွန်မကိုယ်ကျွန်မလဲ မယုံဘူး။ ဒါပေမဲ့ ကျွန်မရဲ့ လိုချင်တပ်မက်မှုတွေကို အရောင်တောက်နေတဲ့ ကျွန်မမျက်လုံးတွေနောက်မှာ ဖုံးထားနိုင်တယ်။
သူပြောနေကျစကားနဲ့ပြောရမယ်ဆိုရင် ကျွန်မက တော်ရုံဟန်ဆောင်ကောင်းသူမှမဟုတ်တာ။ ကျွန်မရဲ့ မျှော်လင့်ချက်တွေကို သူသိသွားရင် မပေးနိုင်လို့ ၀မ်းနည်းသွားမှာ အရမ်းစိုးရိမ်လို့ပါ။

ကျွန်မက သူ့ရင်ကို ပူအောင်အေးအောင်လုပ်နိုင်သူတဲ့။
သူ မသိချင်လို့ မြင်အောင်မကြည့်ခဲ့တာပါ ။ သူ့ကြောင့်ပူရတဲ့ အပူရုပ်နဲ့ ဟန်လုပ်ပြီး ပြုံးပြနေတဲ့ အချိန်တွေရှိခဲ့တယ်ဆိုတာ။
သိပ်ပြောချင်တဲ့ စကားလေးငါးခွန်းလောက်ဟာ သူ့ရှေ့ရောက်ရင် ဆွံ့အနေသလိုမျိုး ၊ တော်တော်ကြိုးစားယူမှ တစ်ခွန်းတစ်လေလောက် အနိုင်နိုင်ပြောထွက်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းဘူးဆိုတာ။
သူ့ကိုစိတ်ဆိုးဒေါသထွက်နေရင်တောင် ခပ်လှောင်လှောင်ရယ်သံတစ်ချို့အဖြစ်နဲ့ပဲ ရင်ထဲက ဖောက်ထွက်ရဲခဲ့တယ်ဆိုတာ။
လူတွေရဲ့ သံသယမျက်လုံး ၊ အထင်သေးတဲ့အကြည့်တွေအောက်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တည်ပေးဖို့ကြိုးစားခဲ့တယ်ဆိုတာ။
တာဝန်ယူတက်ပါတယ်ဆိုပေမဲ့ လေးလံတဲ့အရာတွေ သူ့ပုခုံးပေါ်ထမ်းမထားစေချင်တာ။
ခွဲနေရတဲ့အချိန်တွေမှာ မေ့များသွားမလား ၊ သွေးအေးသွားမလားဆိုတဲ့ အတွေးတွေနဲ့ ရစ်ပတ်ပူလောင်နေသည့်တိုင်အောင် ၊ ဘာမှမဖြစ်သလို အားတင်းနေရတယ်ဆိုတာ။
သူသိစေချင်ပါတယ်။

သူမြတ်နိုးသလို ကျွန်မလဲ မြတ်နိုးတယ်။
သူတန်ဖိုးထားသလို ကျွန်မလဲ တန်ဖိုးထားတယ်။
သူချစ်သွားမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်မလဲ သူ့အချစ်မှာ ပျော်ဝင်သွားချင်တယ်။
ကျွန်မချစ်သူသိစေချင်ပါတယ် ။
သူ အလင်းရောင်အောက်ကဖြတ်လျှောက်လာသည်ဖြစ်စေ ၊ နေစောင်းမှ ကတိုက်ကရိုက်ရောက်လာသည်ဖြစ်စေ ၊အမှောင်ဖုံးမှ ခေါင်းချဖို့ရောက်လာသည်ဖြစ်စေ ကျွန်မသူ့ကိုစောင့်နေတယ်ဆိုတာ။
သူသိစေချင်ပါတယ်လေ။

၁၆း၂၇ နာရီ
၂၂.၀၁.၂၀၁၂ (တနင်္ဂနွေ)

အချစ်

9 Dec

အချစ်. . . အချစ်။
အော် အချစ်ဆိုလို့ ဟို အချစ်လို့ မထင်လိုက်နဲ့အုံး။
အချစ်ဆိုတာ နာမည်တစ်ခုအနေနဲ့သုံးလိုက်တာ။
သူများနာမည်မဟုတ်ပါဘူး။
ကိုယ့်ကို အဆောင်က သူငယ်ချင်းတွေ အမတွေက ချစ်စနိုးနဲ့ အချစ်လို့ခေါ်ကြတာပါ။
အချစ်ရဲ့ အစ သမိုင်းကတော့ ချစ်သူမရှိလို့ခေါ်ကြတာလား ၊ ချစ်စရာကောင်းလို့ ခေါ်ကြတာလား ၊ မချစ်တက်လို့ခေါ်ကြတာလား သိတော့ပါဘူးလေ။

တို့ အဆောင်က လှည်းတန်းဘက်မှာ။
ဒါပေမဲ့ ယောင်္ကျားလေးဆောင်အများအပြားရှိတဲ့ဘက်ခြမ်းမှာပေါ့။
ဒါကြောင့် နတ်သမီးတွေနေတဲ့ကျွန်းကလေးဖြစ်နေတာ။
အဆောင်ကလူတွေက အချစ် ၊ အချစ်နဲ့ ခေါ်နေကြတော့ ပတ်ဝန်းကျင် အခန်းတွေကပါကြားနေရတာပေါ့လေ။
နောက်တော့ သူတို့ကပါ အချစ် ၊ အချစ်နဲ့ လိုက်ခေါ်ကြတော့တာပါပဲ။

အဆောင်ကလူတွေ ပြန်ရောက်ရောက်ချင်းအော်တက်တာကလဲ အချစ်ရေ. . . အချစ်။
တစ်ခုခုရင်ဖွင့်စရာရှိရင်လဲ အချစ်ရေ ကိုယ့်အခန်းကိုခဏလာပါအုံး. . .။
အဲ. . . အချစ်တို့စပြီဆိုရင်လဲ . . . ငယ်သံပါအောင်အော်ရတဲ့အထိစတော့တာ။

အခုတော့ အချစ်ရေ . . အချစ်လို့ အခေါ်မခံရတာတောင်ကြာပေါ့။
လွမ်းလိုက်တာ။
“အကြင်နာတရားမရှိတဲ့ မိန်းမ” ဆိုပြီး ဖုန်းဆက်မဲ့အသံလေးတွေကိုလဲ မျှော်လင့်နေမိတယ်။

ချစ်စရာလေးတွေပါ

22 Oct

ချစ်စရာကောင်းလို့

 

 

 

မိုးကိုနမ်းပါ (ဘီလီမိုင်းယားစ်)

13 Jun

ကိုယ်တို့ဟာ တစ်ခုတည်းသော ကောင်းကင်အောက်မှာ အတူတကွရှိနေကြတယ်ဆိုတာ. . .
နောက်ပြီး . . . ညတွေဟာ မင်းအတွက် လစ်ဟာနေသမျှ ကိုယ့်အတွက်လဲ ဗလာသက်သက်ဖြစ်နေတယ်ဆိုတာ မနက်ထိအောင် မစောင့်နိုင်တော့ဘူးလို့များ မင်းခံစားလိုက်ရရင်
မိုးကိုနမ်းပါ ၊ မိုးကိုပဲနမ်းပါ ၊ မိုးစက်တွေကိုပဲ နမ်းစမ်းပါ။
ဟဲလို . . .
မင်း . . .ကိုယ့်အသံကိုကြားရဲ့လားဟင်. . . ကိုယ့်အသံကိုကြားရဲ့လားဟင်. . . ကိုယ့်အသံကိုကြားရဲ့လားဟင်. . .

ဘီလီမိုင်းယားစ်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
ချစ်သူနဲ့ မိုင်ပေါင်းများစွာ အဝေးတစ်နေရာကို ရောက်နေရတဲ့ မိန်းကလေးတစ်ယောက် ဘာတွေရင်ဆိုင်ကြုံတွေ့ရတက်တယ်ဆိုတာ ဖွင့်ပြလိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။
ဒီလိုအဖြစ်မျိုး ဒီလိုအချိန်မျိုးမှာ ကိုယ့်ဖက်က ဖက်တွယ်ဆုပ်ကိုင်စရာဆိုလို့ ချစ်သူအပေါ် ယုံကြည်စိတ်ချမှုတစ်ခုသာ ရှိတာပါ။
မိုင်ပေါင်းထောင်နဲ့ချီပြီး ဝေးနေကြတာဆိုတော့ ကိုယ့်ဆီမှာ နေ့လည်ခင်းဟာ ချစ်သူဆီမှာ ညဉ့်နက်သန်းခေါင်ဖြစ်နေတုန်းပဲပေါ့။ ချစ်သူကို လွမ်းလွန်းလို့ ၊ ချစ်သူကလဲ လွမ်းနေမှာသိလို့ ၊ ချစ်သူ့စကားသံလေးကြားချင်လွန်းလို့ ဖုန်းဆက်လိုက်ကာမှ ဖုန်းထဲမှာ ရယ်သံတစ်ခု ကြားလိုက်ရသတဲ့။
ဝမ်းနည်းမှု ၊ နာကျင်မှု ၊ အခံရခက်မှုနဲ့အတူ အံ့သြတုန်လှုပ်မှုတွေ ဘယ်လောက်ထိ ဖိစီးနှိပ်စက်ခံလိုက်လေမလဲနော်။
ညဆိုတဲ့ ဖမ်းစားမှုတစ်ခုကနေ မလွတ်မြောက်နိုင်သေးခင် (မနက်အလင်းရောင်မလာခင်) အချိန်အတွင်း မင်းရဲ့တမ်းတစိတ်တွေကို အာရုံလွှဲပစ်ဖို့ (တခြားနှုတ်ခမ်းတစ်ခုခုကို နမ်းမဲ့အစား) မိုးကိုပဲနမ်းလိုက်ပါတော့လား အချစ်ရယ် လို့ ကြေကွဲစွာ တောင်းပန်ညည်းညူ လိုက်ရတဲ့ ခံစားချက်ကို ဘီလီမိုင်းယားစ် ရဲ့ အသံမှာ တွေ့နိုင်ပါတယ်။
ဘုရားရေ. . .
ချစ်သူနဲ့ ကိုယ်နဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းမှာ ရောက်နေကြရတဲ့ အဖြစ်ဟာ မိန်းမတစ်ယောက်အတွက်တော့ တော်တော်ရက်စက်တဲ့ ကံကြမ္မာရဲ့ စီရင်ချက်တစ်ခုပါပဲလား။

Kiss the Rain

ရှင်းပြခွင့်

24 Mar

အမှန်တော့ ပြသနာတစ်ခုဖြစ်လာပြီ. . .ရှုပ်ထွေးမှုတစ်ခုဖြစ်လာပြီဆိုရင် ရှင်းလိုက်တာကောင်းပါတယ်။ ကိုယ့်ဘက်က မှားရင်လဲ ရှင်းပြခွင့်တောင်းပြီး . . . သူများဘက်က အမှားလုပ်ခဲ့ရင်လဲ ရှင်းပြခွင့်ပေးလိုက်ပါ။ ဒါဆိုရင် လောကကြီးက ဒီထက်ပိုလှသွားမှာပါ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ကျွန်မဟာ ဒီ့အရင်က လုံးဝရှင်းပြခွင့်မပေးတက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့် ကျွန်မရဲ့ ပတ်ဝန်းကျင်လောကကြီးဟာ ထင်သလောက် မလှပခဲ့ပါဘူး။

- – - – - x x x x x – - – - – - x x x x x – - – - – - x x x x x x- – - – - -

“နင် ငါ့ကို မေ့လိုက်တော့ . . . ငါ့မှာဆက်ပြောစရာ စကားမရှိတော့ဘူး။”

“မဟုတ်ဘူးလေ သဲ. . . ကိုရှင်းပြမယ်. . . အဲဒါ ကို မဟုတ်ဘူး ကို့သူငယ်ချင်းပါ. . . သဲအထင်လွဲနေပြီ . .”

“မရှင်းနဲ့ မရှင်းနဲ့. . . ငါ့မျက်စိနဲ့ တပ်အပ်မြင်တာ. . သူများပြောလို့သိတာမဟုတ်ဘူး ငါထင်လို့ကို ဒီအချိန်ကို သေချာလာတာ”

နောက်ဆုံးမှာ လုံးဝပိတ်ငြင်းနေသော ကျွန်မကို သူမနိုင်တော့။ကျွန်မတို့ နှစ်ယောက် ရန်ပွဲထဲသို့ သူ့သူငယ်ချင်းများပါ ပါလာတော့သည်။

“ညီမလေး သူရှင်းပြတာကို ခဏနားထောင်ပေးလိုက်ပါကွာ. . အကိုတို့သိပါတယ် အဲဒါ သူမဟုတ်ဘူး”

“အကိုဘာသိလို့လဲ အဲဒီအချိန် အကိုသူ့ဘေးမှာရှိလို့လား . . ရှိနေလို့ ဟုတ်နေရင်လဲ အကိုတို့အားလုံး ၀ိုင်းငြင်းကြမှာပဲ. . ပြီးတော့ နင်. . ငါ့ကို တသက်လုံးလာမပတ်သတ်နဲ့”

ရှင်းပြခွင့်ပိတ်ပြီး . . မျက်စိမှိတ်ငြင်းခဲ့တဲ့ နောက်ဆုံးရလဒ်က တရားခံဟာ သူမဟုတ်ပဲ တကယ်ပဲ သူ့သူငယ်ချင်းဖြစ်နေခဲ့တာ အချိန်တော်တော်ကြာမှ သိခဲ့ရတယ်။ ဒါပေမဲ့ ဘာမှမတက်နိုင်တော့ပဲ အားလုံးလက်လွန်သွားခဲ့ပြီလေ။

- – - – - x x x x x – - – - – x x x x x x – - – - – - x x x x x x – - – - – -

ကျွန်မမွေးနေ့ အရောက်ပြန်ခဲ့ပါမယ် ဆိုတဲ့ ကျွန်မရဲ့မွေးစားအကိုတော်ဟာ ၁၀ ရက်လောက် အလိုကတည်းက ပျောက်သွားလိုက်တာ မွေးနေ့ပြီး နောက်တရက်ကျမှ ပြန်ပေါ်လာပါတော့တယ်။

“သင်ဇာရေ ဖုန်းလာနေတယ်” ဖုန်းကို သွားမပြောချင်ပါ။ ဒါပေမဲ့ မကိုင်မချင်း ခေါ်နေတော့မှာ သိနေတယ်။ ဖုန်းကိုကောက်ကိုင်လိုက်တော့ . . .

“ဟလို. . . ညီမလေး”

“အင်း . . ခဏ ခဏ ဘာမှမပြောသေးနဲ့အုံး. . . ညီမလေးအရင်ပြောမယ်. . .အခုစာသင်နေတယ် . . ခဏနေလဲမခေါ်နဲ့ . . နောက်ပြီးတော့လဲမခေါ်နဲ့ . . ဘယ်တော့မှလဲ မခေါ်နဲ့ . . ဒါပဲနော်။” ပြောပြီးပြီးချင်း ဖုန်းချပြီး စာသွားသင်လိုက်တယ်။

ခဏနေတော့ အမက အနားကပ်ပြီး လာထိုင်တယ်။ “ဘာဖြစ်ကြတာလဲ” ။ “ဘာမှဖြစ်ဘူး”။

“ညည်းတို့မောင်နှမကလဲ သတ်ချည်းနေကြတာပဲ. . . တယောက်တယောက်လဲ အလျှော့မပေးကြဘူး”

အမှန်တော့ သူကလဲ သူ့အိမ်မှာ အငယ်ဆုံး ဗိုလ်ကျနေကျ။ ကျွန်မကလဲ သူနဲ့ပတ်သတ်လာရင် အငယ်မို့ လုံးဝအလျှော့ပေးလေ့မရှိ။ သူကလဲ ဆက်မချော့တော့သလို . . ကျွန်မကလဲ လုံးဝပြန်မဆက်သွယ်တော့။

ရက်ပေါင်းတော်တော်ကြာပြီးမှ သူ့သူငယ်ချင်းတွေက တဆင့်ပြန်ကြားခဲ့ရတာက . . .သူဟာ ကျွန်မမွေးနေ့မှာ တိတ်တဆိတ် ပြန်ရောက်လာပြီး ကျွန်မရုံးသွားနေကျ လမ်းမှာ အရုပ်ကြီးပိုက်ပြီး စောင့်နေခဲ့ပါသတဲ့။ ရပ်ကွက်ထဲမှာတော့ ကျွန်မလာရင် မြင်သာအောင် ကားထဲမှာလဲ ထိုင်မနေပဲ နေကာမျက်မှန်ကြီးတပ်ပြီး အရုပ်ကြီးပိုက်ထားတဲ့ သူ့ပုံစံဟာ တော်တော်လေး ကသိကအောက် ဖြစ်ခဲ့ပါသတဲ့။

အခုလို နှစ်တွေကြာလာတော့ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ငါ တော်တော်ဆိုးခဲ့တာပဲလို့ ဆင်ခြင်မိတယ်။ နောက်များ ဒါမျိုးမဖြစ်အောင် ကျွန်မ ကြိုးစားပါ့မယ်။ ကျွန်မဘေးက ချစ်ရတဲ့ ခင်ရတဲ့ သူတွေ ထပ်ပြီးမဆုံးရှုံးရအောင်လို့ပေါ့။

အချစ်ဆုံးသို့ . . .

18 Mar

ကျွန်မအချစ်ဆုံးအတွက် စာတပုဒ်ရေးချင်ပါတယ်။

ဒါပေမဲ့ သူ ဒီစာကို ဖတ်ဖြစ်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေက အင်တာနက်မသုံးတက်ဘူးလေ။ ညီမလေးက ပြန်ပြောပြရင်တော့ တစ်မျိုးပေါ့လေ။

ကျွန်မငယ်ငယ်လေးကတည်းက လူတွေက မေးတက်တယ်။ သင်ဇာ က အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်လဲတဲ့။ ကျွန်မအမြဲတမ်းပြန်ဖြေတက်တာ “အဖေ့ကို ပိုချစ်တယ်” လို့ပေါ့။ (အမေ့ရဲ့အမေ) အဘွားကလဲ ဆက်ဆက်ထိမခံ နာတက်ပါတယ်။ ဒါပေမဲ့ အိမ်မှာ မတည့်ဆုံးကလဲ ကျွန်မနဲ့ဖေဖေပါ။ သားအဖနှစ်ယောက် တွေ့လိုက်မှဖြင့် တယောက်ကိုတယောက် နာကျင်အောင် ၊ မခံသာအောင် ၊ အရွဲ့တိုက် ပြောနေကြတာချည်းပါပဲ။

သူမကျေနပ်တဲ့အခါတိုင်း (ကျွန်မအသက် ၂၀ မကျော်ခင်အထိ ) ကျွန်မကို အိမ်ကဆင်းသွားဖို့ မကြာခဏ နှင်ချတက်တယ်။ ကျွန်မကလဲ စကားကို ၁ခွန်းမှအကျောမခံဘူး။ ချက်ချင်း အထုပ်ပြင်ပြီး အဖွားဆီလစ်တက်ပါတယ်။ ကျွန်မ ဒိုင်ယာရီတွေ မကြာခဏ ခိုးဖတ်တက်တဲ့ ဖေဖေက သော့ခတ်ထားတဲ့ စာအုပ်ကို သံမှိုနဲ့ဖွင့်တာကျွမ်းကျင်ပါတယ်။ ကျွန်မ ပိုက်ဆံအိတ်ကို မွှေတက်လွန်းတဲ့ ဖေဖေဟာ ပိုက်ဆံအိတ်ထဲက သူ့ဓါတ်ပုံတွေ့တိုင်း ကြည်နူးသွားတက်ပြန်တယ်။

သူငယ်ချင်းတွေကို သူ့ထက်ပိုပြီး ဦးစားပေးမှာ စိုးရိမ်တက်လွန်းတဲ့ ဖေဖေဟာ ကျွန်မဆီ ဖုန်းဝင်လာတိုင်း အော်ဆဲတက်ပါတယ်။ ကျွန်မကို သူ့အနားက ခွဲသွားမှာ ကြောက်လို့ ချစ်သူမရှိစေချင်တဲ့ ဖေဖေက ကျွန်မအိမ်ထောင်မကျတော့မှာကိုလဲ တွေးပူတက်ပါသေးတယ်။ အမေ့အမျိုးတွေကို သိပ်မုန်းတဲ့ ဖေဖေက တစ်ခါတစ်ရံမှာ နားမလည်နိုင်လောက်အောင် နားလည်မှုအပြည့်နဲ့ ကူညီပေးနေတက်ပြန်သေးတယ်။

သမီးကြီးကို အငယ်တွေအတွက် လမ်းပြကြယ်ဖြစ်စေချင်တဲ့ ဖေဖေရေ. . . သမီးကို လူကြီးတစ်ယောက်လို မြင်ပေးပါ။

သမီး မအောင်မြင်သေးတဲ့အခိုက်မှာ ကြိုးစားနေတယ်လို့ ယုံကြည်ပေးပါ။

သမီး လဲကျလို့ ငိုတဲ့အခါ ဖေဖေပါ လိုက်ငိုဖို့ မကြိုးစားပါနဲ့။

သမီးဟာ ဘယ်လောက်ပဲ ကလန်ကဆန်လုပ်ခဲ့ပါစေ နောက်ဆုံးတော့ ဖေဖေခင်းတဲ့လမ်းကိုလျှောက်နေကြဆိုတာ သတိရပေးပါ။

နောက်ဆုံးပြောချင်တာလေးက . . . ဖေဖေ ဖြစ်ချင်တာ ဘာလဲဆိုတာ ကျေးဇူးပြုပြီး သိအောင်လုပ်ပေးပါ။

အစဉ်သဖြင့်

14 Mar

တားခွင့်မရှိ . . . ထားခဲ့ရင်နေရမှာမို့

ရင်နှင့်အမျှချစ်နေတာ . . .သိအောင်မပြောလိုတော့ပါဘူး

မျှော်လင့်ခြင်းတွေပြည့်နေတဲ့

ငါ့မျက်ဝန်းတွေကို နင်မမြင်စေရဘူး

အစဉ်သဖြင့် အဆင်သင့်ရှိနေတက်တာ

မေ့ထားလိုက်ချင်တယ် ပြန်ဆုံခွင့်မရှိတာကို . . .

အသက်ရှုသံတွေရပ်တန့်တဲ့အထိ

နင်ရှိမဲ့အရပ်. . . မျှော်ငေးရင်းနဲ့ပဲ။

(ကိုယ်တိုင်ခံစား ၊ ကိုယ်တိုင်ရေး ကဗျာလေးတစ်ပုဒ်ပါ။)

“တခါတခါ”

27 Feb

တခါတခါ
အရာဝထ္ထုတွေအဖိုးတန်လွန်းတဲ့အခါ
အဲဒီအရာဝထ္ထု အတွက်
တန်ဖိုးတွေမဲ့သွားတက်တယ် …။

တခါတခါ
တစ်နေရာကတစ်နေရာ
အရမ်းဝေးကွာသွားတဲ့အခါ
အဲဒီ၂ နေရာအတွက်
အကွာအဝေးတွေမဲ့သွားတက်ကြတယ် …။

တခါတခါ
ရင်ထဲကခံစားချက်တွေအရမ်းလေးနက်လာတဲ့အခါ
အဲဒီနက်ရှိုင်းမှုတွေအတွက်
စကားလုံးတွေမဲ့သွားတက်ကြတယ် …။

တခါတခါ
ပကတိများစွာအတွက်
ပညတ်မှုတွေကနည်းလွန်းလှတယ် …။

တခါတခါ
မျက်စိကိုစုံမှိတ်
တိတ်ဆိတ်တဲ့နေရာသွားပြီး
ငါ “အား ….” ကနည်းအော်ချလိုက်မိတယ် …။

တခါတခါ
ငါ့အော်သံများမင်းကြား ခဲ့ရင်
ဘယ်လိုများဘာသာပြန်လေမလဲ ? …။

(ရုပ်ဆိုး)

အဖြစ်အပျက်

30 Jan

“နင်နေကောင်းလား”

“နင်သိမှာပါ”

“ဟင့်အင်း . . .ငါမသိဘူး. . . နင်လဲမသိနိုင်ပါဘူး”

သူမ မျက်နှာပေါ်မှာ အဖြေတစ်ခုကို အပြေးအလွှားလိုက်ရှာကြည့်မိတယ်။ သူ ထင်ထားတာထက် သူမက ပိုဟန်ဆောင်ကောင်းနေခဲ့တယ်။ ချက်ချင်းပဲ သူ့မျက်လုံးတွေက သူမရဲ့ ညာဘက်လက်သီးဆုပ်ဆီကို အကြည့်ရောက်သွားတယ်။ အလိုက်တသိပဲ သူမက လက်သီးဆုပ်ကိုဖြေပြလိုက်တယ်။ ရေတမာပင်ပေါ်က ငှက်တွေ ရုတ်တရက်ထပျံသွားကြတယ်။ ဒါပေမဲ့ သူမရဲ့ညာဘက်လက်ထဲမှာတော့ ဘာမှဆုပ်ကိုင်မထားခဲ့ဘူး။

“သိနေလျက်နဲ့မသိချင်ဟန်ဆောင်နေတာ . . နင်မပင်ပန်းဘူးလား”

“ငါ. . .ငါ”

သူမဆီက အဖြေမရခင်မှာပဲ ရုတ်တရက် သူ ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။ သူမ လဲ ယောင်ယမ်းပြီး သူ့အကြည့်တွေရှိရာကို လှမ်းကြည့်လိုက်မိတယ်။ နေတစ်ဖတ်နဲ့ကောင်းကင်မှာ သူမျှော်လင့်တဲ့ကြယ်တွေမရှိနိုင်ဘူးလေ။ ဒါပေမဲ့ သူတို့နှစ်ယောက် တွေ့ဆုံချိန်ဟာ ကြယ်စုံနေသင့်တယ်။ အခုလို ပတ်ဝန်းကျင် ကောင်းကင်တစ်ခုလုံး လင်းထိန်နေချိန်ဟာ အပြင်မှာ တကယ်မဖြစ်နိုင်ဘူး။ ဒါဟာ အိပ်မက်တစ်ခုပဲဖြစ်လိမ့်မယ်။ ဟုတ်တယ်. . .။ သူ သူမကိုမျက်နှာမူပြီး လျှောက်လာမိတယ်။ သူမ သူ့ကို အံ့အားသင့်စွာကြည့်နေမိတယ်။ နောက်တော့ သူ သူမကို ကျော်သွားတယ်။ သူမ သက်ပြင်းတစ်ချက် ခိုးချလိုက်မိတယ်။ နောက်တော့ သူတို့နှစ်ယောက် မျက်နှာမူရာလမ်းတွေဆီကို ဆက်လျှောက်လာကြတယ်။ သူတို့နှစ်ယောက်ပြန်ဆုံဖို့ဆိုရင် တစ်ယောက်ယောက်ကတော့ ပြန်ကွေ့လာမှဖြစ်နိုင်လိမ့်မယ်။

The Lady or The Tiger ?

13 Jan
ဟိုးရှေးရှေးတုန်းကပေါ့. . . တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်နေပါတယ်။အဲဒီဘုရင်နန်းတက်စမှာ တိုင်းပြည်က ကစဉ့်ကလျားဖြစ်လို့နေပါတယ်။ တစ်နေ့တစ်ခြား ဒုစရိုက်လောကသားတွေ ပိုမိုများပြားလာပါတယ်။ တိုင်းပြည်အခြေအနေက တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာနေတော့ ဘုရင်ကြီးက ကြပ်ကြပ်မတ်မတ်ကိုင်ဖို့အချိန်တန်ပြီဆိုပြီး မူးမတ်တွေပေးတဲ့အကြံဥာဏ်တွေကို မကြိုက်ပဲအားလုံးကို ပယ်ချခဲ့ပါတယ်။နောက်ဆုံးမှာ ဘုရင်ဟာ သူ့ရဲ့ကိုယ်ပိုင်အကြံဥာဏ်ကိုပဲ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နန်းတော်ရဲ့ မလှမ်းမကမ်းမှာ Public Arena ဆိုတဲ့ အားကစားကွင်းတစ်ကွင်းကို ဆောက်လုပ်နေပါတယ်။ဒါပေမဲ့အများထင်သလို ဒီကွင်းထဲမှာ ဘာအားကစားမှ မကျင်းပခဲ့ဘူး။ ဒီကွင်းကို တရားစီရင်ရေးကွင်းလို့ဘုရင်ကကြေငြာမောင်းထုခဲ့ပါတယ်။ဘာတရားသူကြီးကိုမှလည်းမထားဘူး။သူတရားစီရင်ပုံကတစ်မျိုး။ ပရိသတ်အုတ်အုတ်ကျက်ကျက် ရှိနေတဲ့ public arena ရဲ့အလယ်ကို တရားခံအားခေါ်ဆောင်လာစေပါတယ်။ကွင်းလယ်မှာ တရားခံက ငြိမ်ငြိမ်သက်သက် မတ်တက်ရပ်နေရပါတယ်။ဘာကြိုးနဲ့မှ သူ့ကိုတုပ်မထားပါ။ ဘုရင်ကအချက်ပေးလိုက်တာနဲ့ သူဟာ arena ကိုဝိုင်းရံထားတဲ့ နံရံတစ်နေရာရှိအုတ်တံခါးက နှစ်ပေါက်ဖြစ်ပါတယ်။ တစ်ပေါက်နဲ့တစ်ပေါက်က တစ်ထေရာတည်း တူလွန်းပါတယ်။

တရားခံက သူစိတ်ကြိုက်ရာ တံခါးတစ်ပေါက်ကို ဖွင့်ရမယ်။မဖွင့်ဘဲလည်း မနေရဘူး။ သူ တကယ်လို့ကံမကောင်းခဲ့ရင် သူရွေးလိုက်တဲ့ တံခါးကနေအင်မတန်ကြောက်စရာကောင်းတဲ့ ကျားရဲတစ်ကောင်ထွက်လာပြီး သူ့ကိုအရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် ကိုက်ဝါးပစ်မယ်။ အဲဒီအချိန်မှာ ခေါင်းလောင်းသံတွေ ကြေကွဲဖွယ်အထိမ်းအမှတ်နဲ့ arena တစ်ခုလုံးဆူညံအောင်မြည်လိမ့်မယ်။ ပွဲကြည့်ပရိသတ်အားလုံးလည်း ဒီအနိဌာရုံမြင်ကွင်းကို ကြေကွဲဝမ်းနည်းစွာ ကြည့်ပြီးတာနဲ့ ခေါင်းငိုက်စိုက်ဖြင့် arena ကနေ ထွက်ခွာသွားကြပါတယ်။

တရားခံကတကယ်လို့ ကံကောင်းခဲ့ရင် သူရွေးလိုက်တဲ့ တံခါးကနေအလွန်လှ အလွန်ချောပေ့ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ထွက်လာပါလိမ့်မယ်။အဲဒီ အမျိုးသမီးက ဘုရင့်နန်းတော်တွင်းရှိ မောင်းမတွေထဲက အလှဆုံးကို ရွေးထားတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ ခေါင်းလောင်းသံမြည်လာပါမယ်။ ရွှေပွဲလာ ပရိသတ်အားလုံးတို့လည်း လက်ခုပ်လက်ဝါးတီးပြီး သြဘာသံဆူညံစွာနဲ့ arena ကနေထွက်သွားကြပါတယ်။ တရားခံအတွက် အပြစ်က ကျားတိရစ္ဆာန် ၊ ဆုလဘ်က ပျိုမေဖြစ်ပါတယ်။

လူသတ်သမား ၊ သူခိုး ၊ ဓားပြ ဘယ်သူပဲဖြစ်ဖြစ် ဖမ်းမိခဲ့သည်ရှိသော် public arena မှာ သွားရောက်တရားစီရင်ခြင်းကို ခံယူရတယ်။ သူ့အဖြစ်က သေရင်မြေကြီး ရှင်ရင်ရွှေထီး။ အုတ်တံခါးကလည်းပုံသေမရှိ။တံခါးကို ပုံသေမှတ်လို့မရဘူး။ဖြစ်ချင်တော့ ကံဆိုးတဲ့တရားခံတွေက အရေအတွက်ပိုများတာကို တွေ့ရပါတယ်။ တချို့တရားခံတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အသေခံသွားကြရသလို၊ တချို့ကျတော့လည်း အိုမင်းမစွမ်းတွေဖြစ်ကြပါတယ်။

တစ်နေ့မှာ…….

လူတိုင်းအံ့သြလောက်တဲ့ အမှုမျိုးဖြစ်ခဲ့ပါတယ်။ အမှုကဘုရင်ရဲ့အယုံကြည်ရဆုံးနဲ့ အားအထားရဆုံး တပ်မှုးလေးနဲ့ ဆိုင်နေပါတယ်။ကြံကြံဖန်ဖန် ဘုရင့်သမီးတော်ကို သွားချစ်ကြိုက်မိတယ်။ တစ်ဖတ်သတ်အချစ်လည်းမဟုတ်၊ သမီးတော်ကိုယ်တိုင်ကလည်း တပ်မှုးကိုမေတ္တာရှိတယ်။ ဘုရင်အမျက်တော်ထွက်ရပြီ။ တစ်ယောက်က သူအားအကိုးရဆုံးတပ်မှုး၊ နောက်တစ်ယောက်က သူအချစ်ရဆုံး တစ်ဦးတည်းသောသမီး။ ဘုရင်ကြီးဟာ ဘယ်သူ့ကိုမှ မညှာတာဘူး။ ပြတ်ပြတ်သားသား တရားစီရင်ရမယ်လို့ စိတ်ဆုံးဖြတ်ပြီးသား။

တပ်မှုးကို အကျဉ်းချထားတဲ့ အတောအတွင်း ကြီးမားပြီး အားအသန်ဆုံး ကျားတစ်ကောင်ကို တောထဲမှာ ရှာခိုင်းတယ်။ ကျားကိုအစာမကျွေးပဲ သုံးလေးရက်ထားလိုက်တယ်။ ဒီအတောအတွင်း သမီးတော်ကလည်း အလုပ်ရှုပ်ပြီ။လာဘ်ထိုးသင့်သူကို ထိုးပြီး သိချင်တာတွေ အကုန်မေးပါတယ်။ ကျားကိုဘယ်အပေါက် လွှတ်ဖို့အစီအစဉ်ရှိသလဲ ဆိုတာတွေပေါ့။

တရားစီရင်မယ့်နေ့ ………

Public arena ရဲ့ အတွင်းအပြင်မှာ ပြည်သူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်နဲ့ ဆူညံသံတွေ ဟိန်းနေအောင်ကြားရပြီ။အားကစားကွင်းထဲကို ဘုရင်ကိုယ်တော်မြတ်ကြွချီတော်မူလာပြီ။ တရားစီရင်ပွဲစဖို့ အချက်ပြလိုက်တယ်။ တပ်မှုးလေးခမျာ ကွင်းလယ်ကို ဖြေးဖြေးချင်းလျှောက်လာပြီ။ ဘုရင်ကို ဦးညွှတ်ပြီးနောက် တပ်မှုးလေးဟာ ကျောက်တံခါးများရှိရာ တစ်လှမ်းချင်းလှမ်းသွားပါတော့တယ်။

ဘုရင်ကို တစ်ချက်ကြည့်လိုက်တယ်။ ဘုရင်မျက်နှာလွှဲလိုက်တယ်။ တစ်ဖန် ဘုရင့်ဘေးမှာထိုင်နေတဲ့ သူ့ချစ်သူဆီ တစ်ချက်ကြည့်လိုက်တယ်။ မင်းသမီးလေးကတော့ သူ့ကိုကယ်တင်မှာပဲ ဆိုတာ သူသိထားတယ်။ ထင်တဲ့အတိုင်းပဲ မင်းသမီးကအချက်ပြတယ်။ သူမရဲ့ လက်ညှိုးသွယ်သွယ်လေးက ညာဘက်ကို ညွှန်ပြလိုက်တယ်။ လျှပ်တစ်ပြတ် လုပ်ပြလိုက်တဲ့ လှုပ်ရှားမှုကို ဘယ်သူမှ မရိပ်မိလိုက်။တပ်မှုးသက်ပြင်းတစ်ချက်ချလိုက်နိုင်ပြီ။ သူအဆင်ပြေပြီ။ တွန့်ဆုတ်ခြင်းမရှိဘဲ တပ်မှုးဟာ သူ့ချစ်သူ ညွှန်ပြလိုက်တဲ့အတိုင်း ညာဘက်က အုတ်တံခါးဆီကို တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့တယ်။ ပြီးတော့ တံခါးကိုဖွင့်လိုက်တယ်။ အဲသလိုဖွင့်လိုက်တဲ့အချိန်မှာ ဘာထွက်လာမလဲဆိုတာကို အသင် စာဖတ်သူ ဘယ်လိုထင်ပါသလဲ။ အဖြေကို ရမ်းမထုတ်ပါနဲ့အုံး။ သေသေချာချာ စဉ်းစားပြီးမှဖြေပါ။

မင်းသမီးလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူကို တခြားသူတစ်ယောက်နဲ့ ရာသက်ပန်ပေါင်းဖက်မှာကို လက်ခံနိုင်ပါ့မလား ။ ကျားစာမိရင် ခဏပဲမဟုတ်လား။

တစ်ဖတ်ကပြန်ကြည့်ရင် ကျားနဲ့ရင်ဆိုင်နေတဲ့အချိန်မှာ လူကချက်ချင်းမသေနိုင်ဘူး။ သူ့ချစ်သူကို ကျားစာအဖြစ်လဲ သူလက်ခံနိုင်ပါ့မလား

တံခါးကနေ ဘာထွက်လာသလဲ။

Follow

Get every new post delivered to your Inbox.