စည်းချက်ကျကျ အတွေးစများ

23 Mar

 

ကမ္ဘာတစ်ခုမှသည် တခြားကမ္ဘာတစ်ခုဆီသို့ ၊

ဘုံတစ်ခုမှသည် အခြားဘုံတစ်ခုဆီသို့

ဆွဲငင်ဆောင်ယူနိုင်စွမ်းသော အရှိန်အ၀ါများ

မမြင်ရသော နရီစည်းချက်ကျကျ လွမ်းဆွတ်မှုများ ၊

ဒီရေမြင့်တက်လာသကဲ့သို့သော ချစ်ခြင်းတရားတစ်စုံသည် ငါ့နှလုံးသား၌ ရေပြင်ပေါ်မှ လှေငယ်ပမာလူးလွန့်လှုပ်ရမ်းလျှက်…..

 

ဟိုရှေ့ဆီမှာ ၀ိုးတိုးဝါးတားလမ်းတခုဆီ ဦးတည်လျှက် ၊ မျက်လွှာချလို့ တွဲလက်မဖြုတ်ခဲ့နဲ့ကွယ် ငါကြောက်တယ် ချစ်သူ။ ဆည်းဆာမှာ အိပ်တန်းလိုက်ရှာတဲ့ ငှက်ငယ်လို မင်းရင်ခွင်မှာ နားပါရစေတော့။

 

ဘယက်တစ်ခုဆီမှ ပြုတ်ထွက်သွားသော ပုတီးစေ့များလို ….တစ်စစီကျဲပြန့်နေတဲ့ ငါ့မျှော်လင့်ချက်တွေကို….ငုတ်တိုင်ဆီိမှာချည်ချည် ၊ သစ်ပင်ဆီမှာချည်ချည် အစိတ်စိတ်အမွှာမွှာဖြစ်မသွားဖို့ ပျိုးထောင်ပေးပါချစ်သူ။ ထူးဆန်းတဲ့ဒီတိုင်းပြည်မှာ နားနေပါရစေတော့။

 

ချစ်သူသည် တခါတရံ၌ ပန်းပွင့်နှင့်တူ၏။

သူမတူအောင် နှုးညံ့သော ပွင့်ချပ်လွှာများနှင့် မွှေးရနံ့များသူ့ထံတွင်ရှိ၏။

 

ချစ်သူသည် တခါတရံ၌ မုဆိုးနှင့်တူ၏။

ငါ၏အရိပ်နောက်မှ ထပ်ချပ်မကွာလိုက်ကာ ခြောက်လှန့်စေ၏။

 

ချစ်သူသည် တခါတရံ၌ ညနှင့်တူ၏။

ငါ့အား ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို ပေးတက်၏။

 

ချစ်သူသည် တခါတရံ၌ မြို့တံတိုင်းနှင့်တူ၏။

ငါ့အား အရာခပ်သိမ်းတို့မှ ကာကွယ်ပေးတက်၏။

 

ချစ်သူသည် တခါတရံ၌ ကမ္ဘာမြေနှင့်တူ၏။

သူ၏ ဘ၀အစိတ်အပိုင်းတစ်ချို့အား ငါ့အတွက်နှင့် ဖြတ်တောက်ပစ်နိုင်စွမ်း၏။

 

ဟိုမှာကြည့်စမ်း…ခပ်လှမ်းလှမ်းကာလတစ်ခုရဲ့ အလင်းရောင်ထဲမှာ တို့နှစ်ယောက် လက်တွဲလျှောက်နေတယ်…တကယ်တော့ ဒါဟာဘာမှမထူးဆန်းပါဘူးနော်။

အဲဒီအခါကျရင် ငါဟာ ဖုန်းပြောနေကျ နေ၀င်ချိန်တွေကိုမှတ်မိနေသလို…မင်းမျက်ဝန်းနက်နက်တွေကိုလဲ မှတ်မိနေအုံးမှာပါ။

အဲဒီအခါကျရင် ငါဟာ ထမင်းလက်ဆုံစားဖူးချိန်တွေကို မှတ်မိနေသလို…ခပ်ထေ့ထေ့မင်းရယ်သံတွေကိုလဲ မှတ်မိနေအုံးမှာပါ။

အဲဒီအခါကျရင် ငါဟာ ခိုးကြောင်ခိုးဝှက်အနမ်းတွေကို မှတ်မိနေသလို…တံခါးဆောင့်ပိတ်တက်တဲ့ မင်းအကျင့်ကိုလဲ မှတ်မိနေအုံးမှာပါ။

အဲဒီအခါကျရင် ငါဟာ မပြန်ချင်ပြန်ချင် လမ်းခွဲချိန်တွေကို မှတ်မိနေသလို…မင်းကိုယ်တိုင်တီးပြတက်တဲ့ စည်းချက်မကျတကျ ဂီတာသံတွေကိုလဲ မှတ်မိနေအုံးမှာပါ။

အဲဒီအခါကျရင်လေ ငါဟာ တစ်ယောက်နဲ့တစ်ယောက် မလိုအပ်တော့သလို ဟန်ဆောင်နေချိန်တွေကိုလည်း မှတ်မိကောင်းပါရဲ့နော်။

ဒါပေမဲ့လေ တစ်ခါမှ တစ်ယောက်နဲ့တစ်ယောက်အပြစ်မတင်ပဲ ၊ မမှိတ်မသုန် ယုံကြည်ခဲ့ကြဖူးတာကိုတော့ သေချာမှတ်မိနေမှာပါချစ်သူ။

Leave a comment